တောင်ကြီး ဇွန် ၁၃
ရှမ်းပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး သံလွင်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့်ဇနီး၊ လွှတ်တော်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ပညာသင်စရိတ်ထောက်ပံ့ပေးရခြင်းမှာ စိတ်ဓာတ်ခွန်အားပေးခြင်း ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်၊ လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်များကို ပြသခြင်းဖြစ်ကြောင်း၊ စေတနာများကို တုံ့ပြန်သည့်အနေဖြင့် ဝန်ထမ်းများက မိမိတို့၏ သားသမီးများကို လူချွန်လူကောင်းများဖြစ်စေရန်၊ အကျင့်စာရိတ္တမြင့်မားသူများဖြစ်စေရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူများ ဖြစ်စေရန်တို့အတွက် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိဘများအနေဖြင့် မိမိတို့သားသမီးများ အခက်အခဲမရှိ ပညာတတ်တစ်ဦးဖြစ်စေရေးအတွက် ရည်မှန်းချက်တစ်ခုအဖြစ် ထားရှိရမည်ဖြစ်သကဲ့သို့ ကောင်းမွန်မှန်ကန်သည့် စိတ်ဓာတ်များနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ် လျှောက်လှမ်းနိုင်သူများဖြစ်စေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။










ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အခြေခံပညာအလယ်တန်းအဆင့် ဝန်ထမ်းသားသမီးများအားလည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် အခြေခံပညာမူလတန်းအဆင့် ဝန်ထမ်းသားသမီးများကိုလည်းကောင်း ပညာသင် စရိတ်များ ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခိုင်ဇာလင်းနောင်က အခြေခံပညာအလယ်တန်းအဆင့် ဝန်ထမ်းသားသမီးများအား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ၏ ဇနီး ဒေါ်နန်းခမ်းကွမ်းက အခြေခံပညာမူလတန်းအဆင့် ဝန်ထမ်းသားသမီးများအားလည်းကောင်း ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ် ကြသည်။ ဆက်လက်၍ ပညာသင်စရိတ်နှင့် ကျောင်းသုံစာရေးကိရိယာများ ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဉ်၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးက ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ဝန်ထမ်းသားသမီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာဘာသာ