ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပညာရေး၊ ကျန်းမာရေးကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေရှင်းလင်းပွဲတက်ရောက်

တောင်ကြီး       ဇွန်       ၁၃


ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ရှမ်းပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ(၁၀)ရက်နေ့၊ နေ့လယ်ပိုင်း အချိန်တွင် ပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစုနှင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာဝင်းနိုင်တို့မှ ရှမ်းပြည်နယ်အတွင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပြီး အခမ်းအနားကို ညနေ(၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။